ထိုင်းဟင်းလျာကြိုက်သူတွေကို အပြတ်ဖမ်းစားဦးမယ့် ထိုင်းစားသောက်ဆိုင်အသစ်လေး

ထိုင်းစာလေးတွေကိုမှ ခံတွင်းတွေ့ပါတယ်ဆိုတဲ့ အစားတစ်လိုင်းတို့ရေ  စားနေကျထိုင်းစားသောက်ဆိုင်လေးတွေကနေ ခဏလစ်ထွက်လာပြီး ဇွန်လကမှ ပူပူနွေးနွေးဖွင့်ထားတဲ့ ထိုင်းစားသောက်ဆိုင်အသစ်လေးဆီကို လိမ့်ရင်းအရသာအသစ်လေးတွေကို မြည်းစမ်းကြည့်ကြရအောင်။ ဆိုင်နာမည်လေးကတော့ ” Lost and Found ” ပါ။ ဒီဆိုင်လေးက ဖွင့်ထားတဲ့(၁)လစွန်းစွန်းကာလလေးမှာတင် တော်တော်ပေါက်တဲ့ဆိုင်လေးလို့ပြောရမယ်။ Review ကောင်းလေးတွေတွေ့နေရသလို လူပြောလည်းများနေတာမို့ အစားတစ်လိုင်းတို့ နောက်ကျမကျရအောင် Lost and Found အကြောင်းပြောပြပေးမယ်နော်။

ဒီဆိုင်လေးမှာလူကြိုက်အများဆုံးကတော့ ဝက်လက်အေးပဲ။ မမြည်းစမ်းရသေးခင် အစားအသောက်ပြင်ဆင်ထားပုံလေးကြည့်ရုံနဲ့ကို စားချင်စရာကောင်းနေတာ။ ဝါးကြည့်လိုက်တာနဲ့ အထဲကအရသာတွေစိမ့်ထွက်လာသလိုပဲ။ တော်တော်လေးခံတွင်းတွေ့တယ်။ ဝက်ထမင်းပေါင်းလည်းမဆိုးဘူးရယ်။ အရွက်အသီးစုံစုံလင်လင်လေးနဲ့ အသားတွေလည်းတော်တော်များတယ်။ အရည်မပျစ်မကျဲလေးနဲ့ စိုဖတ်ဖတ်လေးစားရတော့ ရှလွတ်ရှလွတ်နဲ့စားလို့ဝင်နေရောပဲ။ အမဲရှောက်ရွက်ကြော်လေးကလည်း အမဲသားချိုမြလတ်ဆတ်တဲ့အရသာတွေကြား ရှောက်ရွက်နံ့မွှေးမွှေးလေးဆိုတော့ ဘီယာလေးနဲ့မြည်းရင် လိုက်မှလိုက်ပဲ။ တခြားထိုင်းဟင်းလျာတွေလည်း အများကြီးရနိုင်သေးတယ်။ တစ်ပွဲမှာဟင်းလျာလုံလုံလောက်လောက်ပါပြီး ဈေးနှုန်းတွေက (၃၀၀၀)ကျပ်လောက်ကစတယ်ဆိုတော့ ပေးရတဲ့တန်ဖိုးနဲ့တန်တယ်ပြောရမယ်။

ထူးထူးခြားခြားအနေနဲ့ကတော့ ထိုင်ဝမ်ဝက်သားတုတ်ထိုးလည်းရနိုင်သေးတယ်။ အကြီးကြီးတွေကိုမှ (၁)ချောင်းကို(၂၀၀)ပဲပေးရတော့ အပြတ်ဝိုက်လို့ကောင်းတယ်။ အသားကနူးအိပြီးအရသာကလည်း ပြောစရာမလိုအောင်ကောင်းတယ်။ ထိုင်းစာစားပြီးပြီလို့ မကျေနပ်သေးရင် ဝက်သားတုတ်ထိုးပါထပ်စားလို့ရသေးတယ်။ ဆိုင်လိပ်စာကတော့ အမှတ်(၄၁) ၊ ပါရမီလမ်းပေါ် ၊ မဉ္ဇူလမ်းထိပ် မှာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၁)နာရီကနေ ည(၁၀)နာရီခွဲအထိဖြစ်ပါတယ်။

Image Source: www.facebook.com/lost&foundthaicruise

Leave A Comment

Your email address will not be published. Required fields are marked *