ဂျင်းမဟုတ်ဘဲ တကယ်ကိုတန်တဲ့ ရန်ကုန်မြို့က စားသောက်ဆိုင်များ

ကြော်ငြာအားကောင်းတိုင်း ဂျင်းထည့်နေကြတဲ့ ခေတ်ကြီးထဲမှာ အစားတစ်လိုင်းတို့ ဂျင်းထည့်မခံရစေဖို့အတွက် ရန်ကုန်မြို့တွင်းက တကယ်ကိုတန်တဲ့ စားသောက်ဆိုင်တွေကို Foodies Navi ကနေ List လုပ်ပေးလိုက်ပါတယ်နော်။

-စားတော်ပွဲ ပင်လယ်စာ

ဘာပဲမှာစားစားပင်လယ်စာပဲ မှာစားတတ်ကြတဲ့အစားတစ်လိုင်းတို့အတွက် ပင်လယ်စာလတ်လတ်ဆတ်ဆတ် ပွဲကြီးတွေကိုမှ ၇၀၀၀ကျပ်လောက်နဲ့စားနိုင်ပြီး ရခိုင်ရိုးရာအစားအစာတွေကိုလည်း စျေးတန်တန်နဲ့ရနိုင်ဦးမှာဖြစ်ပါတယ်။  အရသာကလည်းရှယ်ကောင်းပြီး ဂျင်းထည့်နေတဲ့ပင်လယ်စာဆိုင်တွေကြားက ဖောက်ထွက်လာတဲ့ တကယ်တန်တဲ့ပင်လယ်စာဆိုင်လေးပါ။ facebook မှာ ထိုင်းကောင်လေးစားစားနေတဲ့ ပုဇွန်ပွဲကြီးတွေကိုလည်း စျေးနှုန်းတန်တန်နဲ့ စားနိုင်ဦးမှာဖြစ်ပါတယ်။  ဒီဆိုင်လေးကတော့ လမ်းမတော် ရွှေတောင်တန်းလမ်း(အလယ်ဘလောက်)ထဲမှာ တည်ရှိတာဖြစ်ပါတယ်။

-ငွေတောင်တရုတ်အစားအစာ

ဒီဆိုင်လေးကတော့ အစားတစ်လိုင်းတော်တော်များများ အကျွမ်းတဝင်ရှိပြီးသားဆိုင်လေးပါ။ တရုတ်အစားအစာပေါင်းစုံကို တစ်နေရာတည်းမှာ အဝကြိတ်နိုင်ပြီး ဝက်သားကြိုက်သူတွေအတွက်တော့ လုံးဝလက်မလွှတ်သင့်တဲ့ဆိုင်လေးပါ။ ၁၅၀၀~၂၀၀၀ ကျပ်ရှိရုံနဲ့ အရသာရှိတဲ့အစားအစာတစ်ပွဲကို အရသာရှိရှိတဝကြီးစားနိုင်ဖို့ တစ်ပွဲစီတိုင်းက မကုန်မှာစိုးရိမ်ရလောက်အောင် များသေးတယ်နော်။ ဒီဆိုင်လေးကတော တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းပေါ်မှာတည်ရှိပြီး ၃၁ဂိတ်မှတ်တိုင်နားမှာပါနော်။

-Number One မာလာရှမ်းကော

မာလာရှမ်းကောခေတ်ထနေတဲ့အချိန်မှာ စျေးတန်တန်အရသာရှိရှိစားနိုင်မယ့်ဆိုင်လေးပါ။ အသားတွေအပုံလိုက်ကြီးနဲ့ (၄)ယောက်လောက်အဝစားမှ ငွေ(၂)သောင်းလောက်ကျတာဆိုတော့ ဂျင်းထည့်နေတဲ့ဆိုင်တွေထက်တော့ အများကြီးတန်တယ်နော်။ ဒီဆိုင်လေးကတော့ စမ်းချောင်းလမ်းမပေါ် ၊ စမ်းချောင်းမြို့နယ်ဖြစ်ပြီး ရှမ်းလမ်းမှတ်တိုင်ကဝင်ရင်ပိုနီးပါတယ်နော် ။

-ရောင်ပြန် ထမင်းပေါင်းဆိုင်

ပုဇွန်တောင်မှာနာမည်အကြီးဆုံး ဆိုင်လေးလို့တောင်ပြောလို့ရပါတယ်။ သာမန်ဆိုင်ခန်းလေးဖြစ်ပေမယ့် ထမင်းစားချိန်ဆို လူတွေတိုးကြိတ်နေလို့ မနည်းနေရာယူရတဲ့ဆိုင်လေးပါ။ ရှယ်ထမင်းပေါင်းကိုမှ ၁၂၀၀ကျပ်သာပေးရပြီး အသားကင် ၊ အခေါက်ကင် ၊ ငုံးဥ ၊ အသားလုံး ၊ အရွက်အသီးအစုံနဲ့ ရှယ်စားနိုင်မယ့်ဆိုင်လေးပါနော်။ ဒီဆိုင်လေးကတော့ ပုဇွန်တောင်စျေးမှတ်တိုင်မှာဆင်းပြီး ပုဇွန်စျေးမျက်နှာချင်းအခြမ်းဘက်ကနေ နောက်ကိုပြန်လျှောက်ရင် မီးပွိုင့်မရောက်ခင် ပထမဆုံးလမ်းသွယ်လေးကိုဝင်သွားရင် ဘယ်ဘက်အခြမ်းမှာပါနော်။

-တော့ပိုကီကိုရီးယားအစားအစာ

ဇလုံထမင်းသုပ်ရှယ်ကောင်းတဲ့ ဒီဆိုင်လေးမှာတော့ ကိုရီးယားရိုးရာအစားအစာတွေကို စျေးတန်တန်နဲ့အရသာရှိရှိ ရနိုင်မှာဖြစ်ပါတယ်။ တော့ပိုကီကို ကြက်သားငါးအူချောင်းနဲ့ ပျစ်ပျစ်နှစ်နှစ်လေးချက်ထားတာကိုမှ  ၁၀၀၀ကျပ် ငါးအူချောင်းက ၃ ချောင်းကို ၁၀၀၀ကျပ် ၊ ပင်လယ်စာမြေအိုးဟော့ပေါ့က ၂၅၀၀ကျပ် ၊ သီးစုံဂျယ်လီဝေဖာရေခဲသုပ်က ၂၀၀၀ ကျပ်…..တွေအပြင် တခြား menu များစွာကိုလည်း စျေးတန်တန်အရသာရှိစားသုံးနိုင်မှာဆိုတော့ (၁)သောင်းကျပ်လောက်အိတ်ထဲထည့်လာရင် (၇)မျိုးလောက် အေးဆေးစားလို့ရတယ်နော်။ ဒီဆိုင်လေးကတော့ တာမွေ အရိုးကုန်းလမ်းထဲမှာရှိတာပါ။

-သျှမ်းလေးရှမ်းအစားအစာဆိုင်

ရှမ်းအစားအစာကြိုက်သူတွေ အသည်းစွဲကြိုက်ကြတဲ့ဆိုင်လေးပါ။ ရှမ်းအစားအစာတွေအပြင် သင်္ဘောသီးထောင်း ၊ ကြက်ခြေထောက်ထောင်း ၊ ပြောင်းဖူးထောင်း ၊ ကြက်ပေါင်းဆီချက်တွေကိုလည်း ရနိုင်ပါတယ်။ ရှမ်းခေါက်ဆွဲတစ်ပွဲကိုမှ (၈၀၀)ကျပ်ပဲပေးရပြီး သင်္ဘောသီးထောင်းဆိုလည်း (၁၀၀၀)ကျပ်တည်းနဲ့ ပျစ်ပျစ်နှစ်နှစ်လေးထောင်းထားတာ အရည်လေးတွေကအစသောက်လို့ကောင်းတယ်။ ပိုက်ဆံ(၃၀၀၀)အိတ်ထဲထည့်သွားရင် အဝဗိုက်ကားပြီးပြန်လာနိုင်မယ့် ဆိုင်လေးပါ။ ဒီဆိုင်လေးကတော့ ဦးချစ်မောင်လမ်းပေါ် တာမွေဂုံးတံတားအောက်နားမှာပါ။ တာမွေ Ocean ကနေရန်ကင်းသွားရင် ကွေ့လိုက်တဲ့ဘက်အခြမ်းက တာမွေအဝိုင်းမှတ်တိုင်ရှေ့ပါပဲ။

တကယ်တန်တဲ့ဆိုင်တွေကို သိသွားပြီဆိုတော့ အပြေးလေးသွားစားကြည့်လိုက်တော့နော်။

 

 

 

 

Leave A Comment

Your email address will not be published. Required fields are marked *