(၃၅၀၀)ကျပ်တည်းနဲ့ မနက်စာစုံစုံလင်လင်ကို ဘူဖေးစားနိုင်မယ့် “ကရဝိတ်”

တစ်ညတာလုံးအချိန်ကြာမြင့်စွာအိပ်စက်ပြီး နိုးထလာတဲ့မနက်ခင်းအချိန်လေးဟာ ဗိုက်ဆာလို့အကောင်းဆုံးအချိန်ဖြစ်သလို ဗိုက်ထဲကိုတနင့်တပိုးသွင်းလို့အကောင်းဆုံးအချိန်လည်းဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အဝအပြဲစားဖို့မာန်တင်းပြီးနိုးထလာတယ်ဆိုရင်တော့ တစ်မျိုးနှစ်မျိုးလောက်နဲ့ မတင်းတိမ်နိုင်မှာတော့အသေအချာပဲ။ ဒီတော့ Breakfast စုံစုံလင်လင်ကို တစ်မျိုးပြီးတစ်မျိုးမရိုးရလောက်အောင် အဝကြိတ်နိုင်မယ့်ဆိုင်လေးအကြောင်း အလင်းပြပေးမယ်နော်။ ဘယ်လောက်ပဲစားစား(၃၅၀၀)ကျပ်ပဲဆိုတော့ တစ်မျိုးချင်းစီကိုအဝတွယ်မယ်ဆိုရင်လည်း ရှယ်အကြီးကြီးတန်မယ့်ဆိုင်လေးပါ။ ဒီဆိုင်လေးကတော့ ရန်ကုန်မှာဆိုင်ခွဲလာဖွင့်တာမကြာသေးတဲ့ မန္တလေးမြို့ကနာမည်ရပြီးသား “ကရဝိတ်”ဆိုတဲ့ဆိုင်လေးဖြစ်ပါတယ်။

တစ်မျိုးချင်းဆိုရင်တောင် (၁)ထောင် ၊ (၂)ထောင်လောက်ပေးစားနေရတဲ့ခေတ်ကြီးထဲမှာ အဝစားမှ (၃၅၀၀)ဆိုတာကြီးကတော့ ရှယ်တန်လွန်းတယ်။ မနက်တိုင်းစားနေကျ၊ စားနေမြဲဖြစ်တဲ့ မုန့်ဟင်းခါး ၊ ထမင်းကြော် ၊ မြီးရှည် ၊ ကရဝိတ်လက်ဖက်ရည် ၊ ကီးမားပလာတာ ၊ ထပ်တရာ ၊ မေမြို့နှပ်ကော်ဖီ ၊ အီကြာကွေး ၊ ခေါက်ဆွဲကြော် ၊ ပေါင်မုန့်မီးကင်ထောပတ်သုပ်စတဲ့ တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့ အစားအသောက်တွေကိုတဝကြီးစားရမှာဆိုတော့ တကယ်စားနိုင်တဲ့လူအတွက်ကတော့ တကယ်တန်တယ်။ အရသာတွေကလည်းလုံးဝဂွတ်ရှယ်ပဲ။ အရည်အဖတ်စိတ်ကြိုက်သာထည့်စား ။ လက်ဖက်ရည်တွေ ကော်ဖီတွေကတော့ အဆင့်သင့်ဖျော်ပြီးသားမို့ စိတ်တိုင်းကျတော့ အရမ်းကြီးဖြစ်မယ်မထင်ဘူး။ မနက်(၆)နာရီကနေ (၁၀)နာရီခွဲထိဆိုတော့ အိပ်ရာထနောက်ကျတဲ့လူတွေလည်း အချိန်မီစားလို့ရတယ်။

Dinner Buffet လည်းရနိုင်သေးတယ်။ တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့ ဟင်းအမျိုးပေါင်း(၂၀)တောင်ဆိုတော့ တွက်ချေကိုက်ချက်ပဲ။ Dinner Buffet ကတော့(၇၀၀၀)ကျပ်ပါ။ ကြာသပတေးနေ့ကနေ တနင်္ဂနွေနေ့ထိပဲဆိုတော့ ရက်မှားမသွားဖို့လိုတယ်နော်။ ဘာပဲစားစားစဉ်းစားမနေဘဲ အဝစားချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးနဲ့ကွက်တိပဲ။ ဆိုင်လိပ်စာကတော့ -ဗိုလ်အောင်ကျော်လမ်းအောက်ဘလောက်နဲ့ ကုန်သည်လမ်းထောင့်မှာပါ။

Leave A Comment

Your email address will not be published. Required fields are marked *