လှအဉ္ဇလီတင့်ရောင်းတဲ့ (၆၀၀၀)ကျပ်တန် ရွှေစိတ်ပျော်သုပ်ကို အိမ်မှာလုပ်စားနိုင်မယ့်နည်းလမ်း

တစ်ချိန်ကနာမည်ကျော်ကြားတဲ့ မင်းသမီးလှအဉ္ဇလီတင့်ဆိုရင်တော့ တော်တော်များများအကျွမ်းတဝင်ရှိကြမယ်ထင်ပါတယ်။ အခုတလောမှာတော့ လှအဉ္ဇလီတင့်ရဲ့ ရွှေစိတ်ပျော်သုပ်ဆိုတာလေးက အစားတစ်လိုင်းကြားထဲမှာ အတော်လေးကိုရေပန်းစားနေပါတယ်။ မြန်မာတွေခံတွင်းတွေ့ပြီးသားဖြစ်တဲ့ ယိုစုံအချဉ်ပေါင်းကိုမှ တမူဆန်းပြားပြီး အမယ်စုံစုံလေးနဲ့ဖန်တီးထားတဲ့အပြင် ပုဇွန်ခြောက်ခပ်ကြီးကြီးတွေပါတော့ မျက်လုံးပသာဒပိုပြီးဆွဲဆောင်မှုရှိနေရော။ ဈေးကလည်း(၆၀၀၀)ကျပ်ဆိုတော့ နှုတ်ချိုစာတစ်ခုအတွက်တော့ ဈေးကြီးတယ်ရယ်။  သူများစားတာတွေမြင်တော့လည်း သွားရည်ကျမိတယ်။ ပိုက်ပိုက်တွေလည်းနှမြောတယ်ဆိုရင်တော့ မင်မင်ပြောပြမယ့်နည်းလမ်းလေးအတိုင်းသာ လုပ်စားကြည့်လိုက်ပါနော်။ ရွှေစိတ်ပျော်သုပ်နဲ့ ကွက်တိဒက်ထိကျလွန်းလို့ ကြည်နူးပီတိဂွမ်းဆီထိနေမှာ အသေအချာပါပဲနော်။

ရွှေစိတ်ပျော်သုပ်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ပုဇွန်ထမ်းငံပြာရည် ထမင်းစားဇွန်း(၃)ဇွန်း
  • -ကြိုက်နှစ်သက်ရာအချဉ်ပေါင်းအမယ်များ(သရက်,မရမ်း,ဇီး,အသီးခြောက်များ….)
  • -သံပုရာသီး(၁)လုံး
  • -ပုဇွန်ခြောက်အကောင်ကြီးကြီး (စိတ်ကြိုက်ထည့်ပါ)
  • -ငရုတ်သီးစိမ်း(၃)တောင့်
  • -ငရုတ်သီးအကျက်မှုန့် ထမင်းစားဇွန်း(၁)ဇွန်း
  • -ထန်းလျက်ခဲ(၅)ခဲ
  • -ရှမ်းမမရမ်းယို (၁)ထုပ်

ပြုလုပ်ပုံကတော့-

(၁)-ဒယ်အိုးတစ်အိုးထဲမှာ ထန်းလျက်ခဲနဲ့ ငံပြာရည်ကိုရောကျိုပေးပါ။ ငရုတ်သီးစိမ်းထောင်းထည့်ပြီး ငရုတ်သီးအကျက်မှုန့်ပါရောထည့်ပေးပါ။

(၂)-သံပုရာသီးကိုအစိပ်လေးတွေလှီးပြီး အရည်ညှစ်ပြီးအကုန်ရောထည့်ပါ။ မရမ်းပြားတထုပ်လုံးဖောက်ထည့်ပြီး ပုဇွန်ခြောက်တွေပါရောထည့်ပေးပါ။

(၃)-အနှစ်ပျစ်ပျစ်လေးဖြစ်သွားပြီဆိုရင်တော့ ထည့်ချင်တဲ့အချဉ်ပေါင်းတွေကို ရောထည့်ပြီးမွှေပေးပါ။ အရသာအကုန်နှံ့သွားတဲ့အချိန်မှာတော့  ပန်းကန်လုံးတစ်ခုထဲကို လှယ်ထည့်ပြီး အအေးခံထားပါ။

(၄)-ဒါဆိုရင်တော့ စိုစိုဖတ်ဖတ်လေးနဲ့ အရသာစိမ့်ဝင်မှုအားကောင်းတဲ့ အချဉ်ပေါင်းလေးကို ရရှိပါပြီ။ လက်ရာချင်းကွာပေမယ့် အရသာထပ်တူနီးပါးကျတာမို့ ငွေကုန်ကြေးကျသက်သာစွာနဲ့ ရွှေစိတ်ပျော်သုပ်လေးကို စားနိုင်မှာဖြစ်ပါတယ်။

Leave A Comment

Your email address will not be published. Required fields are marked *