ပုဇွန်သားအိအိလေးကို မုန့်ကြွပ်မွမွလေးနဲ့ရောပြွမ်းစားရမယ့် ပုဇွန်တန်ပူရာကြော်နည်း

ပင်လယ်စာထဲမှာဆိုရင် အချိန်မရွေးအလွယ်တကူဝယ်လို့ရတာဆိုလို့ ပုဇွန်လေးတွေပဲရှိတယ်လေ။ ရာသီမရွေးစားနေရတော့ ပုဇွန်ကိုဆီပြန်တွေ ၊ ငရုတ်သီးနဲ့စပ်စပ်လေးကြော်စားတာတွေက ရိုးအီလာပြီလေ။ ဒီတော့ ပုဇွန်တန်ပူရာကြော်လေးလုပ်စားကြရအောင် ။ စားသောက်ဆိုင်တွေမှာဆို ဈေးတအားကြီးပြီး နည်းနည်းပဲပါတော့စားရတာမတန်ဘူးရယ်။ ကိုယ်တိုင်လုပ်စားတော့ စိတ်ကြိုက်အရသာဖန်တီးလို့ရသလို တဝကြီးစားလို့ရတယ်။ လုပ်နည်းလေးကလည်း တအားကိုလွယ်တယ်ဆိုတော့ အရသာရှိတဲ့ပုဇွန်တန်ပူရာကြော်လေးကို အဆင်ပြေပြေပြုလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်နော် ။

ပုဇွန်တန်ပူရာကြော်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ပုဇွန်ထုပ်အလတ်ဆိုဒ်
  • -ကြက်ဥ
  • -ရွှေလိပ်ပြာအကြော်မှုန့်
  • -မုန့်ကြွပ်မှုန့်
  • -ကြက်သားမှုန့်
  • -ဆား

ပြုလုပ်ပုံကတော့-

၁-ပုဇွန်လေးတွေကိုသန့်စင်ပြီး အပေါ်ယံကနေပါးပါးလေးတွေမွှန်းကာ ကြက်သားမှုန့် ၊ ဆားတို့နဲ့ဖွဖွလေးနယ်ပေးပါ။

၂-ကြက်ဥကိုဇလုံတစ်ခုထဲမှာ ခေါက်ထည့်ထားပြီး အကြော်မှုန့်နဲ့မုန့်ကြွပ်မှုန့်ကိုလည်း ပန်းကန်တစ်ချပ်စီမှာ ထည့်ထားပေးပါ။

၃-ဒယ်အိုးတစ်လုံးထဲ ဆီများများလေးထည့်ပြီး ဆူအောင်တည်ထားပါ။

၄-ပုဇွန်ကိုအမြီးဘက်အခြမ်းကနေကိုင်ပြီး ကြက်ဥပန်းကန်ကိုနှစ်လိုက်ပါ။ ပြီးရင်တော့ အကြော်မှုန့်ထဲထည့်နှစ် ၊ ကြက်ဥပန်းကန်ထဲထပ်နှစ်ပြီး မုန့်ကြွပ်နှစ်ပန်းကန်ထဲထပ်နှစ်ပြီးရင်တော့ ဆီပူနေတဲ့အိုးထဲကိုထည့်ကြော်ပါ။

၅-အပေါ်ယံမုန့်နှစ်အရောင်လေး နီလာပြီဆိုရင်တော့ အချိန်အနည်းငယ်ကြာ ဆီစစ်ပြီးဆယ်ယူလို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပုဇွန်တန်ပူရာကြော်ပူပူနွေးနွေးလေးကို နှစ်သက်ရာဆော့စ်လေးနဲ့ တွဲဖက်စားသုံးလို့ရပါပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *