ထမင်းနဲ့တွဲစားစား အချဉ်ရည်လေးနဲ့တို့စားစား ရှယ်ကောင်းတဲ့ အိအိဆိမ့်ဆိမ့် မန္တလေးပဲကြော်

မြန်မာ့ရိုးရာမုန့်တစ်မျိုးဖြစ်သလို ကြွပ်ကြွပ်ရွရွလေးစားကောင်းသလို ပျော့ပျော့အိအိလေးဆိုလည်း စားကောင်းတဲ့ မန္တလေးပဲကြော်ကို တော်တော်များများကြိုက်ကြပါတယ်။ ဟင်းအစားထိုးအနေနဲ့ ထမင်းပူပူလေးကို ပဲဆီလေးဆမ်းပြီး ပဲကြော်လေးနဲ့တွဲဖက်စားမယ်ဆိုရင်လည်း တကယ့်ကိုလိုက်ဖက်ညီပြီး အရသာရှိလှပါတယ်။ အချဉ်ရည်နဲ့တို့စားရင် ခံတွင်းတွေ့သလို မုန့်ဟင်းခါးထဲထည့်စားမယ်ဆိုရင်လည်း ရှယ်ကောင်းတဲ့ မန္တလေးပဲကြော်လေးတွေကို အိမ်မှာပဲအလွယ်တကူလုပ်စားနိုင်ဖို့အတွက် Foodies Navi ကနေ နည်းလမ်းကောင်းလေးပြောပြပေးချင်ပါတယ်။

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ပဲလွန်း နို့ဆီဗူး(၁)ခွက်
  • -ကြက်သွန်ဖြူ (၅)မွှာ
  • -ဂျင်း လက်တစ်ဆစ်ခန့်
  • -ကောက်ညင်းမှုန့် နို့ဆီဗူးတစ်ဝက်ခန့်
  • -ကြက်သားမှုန့် ထမင်းစားဇွန်း(၁)ဇွန်း

မန္တလေးပဲကြော်ပြုလုပ်ပုံကတော့ ပဲလွန်းတွေကို နူးအိတဲ့အထိပြုတ်ထားပြီး ဂျင်းနဲ့ကြက်သွန်ဖြူကိုရောထောင်းထားပါ။ ပဲနူးသွားရင်တော့ ညက်ညက်ကြေအောင်ထောင်းပြီး ကြက်သွန်ဖြူနဲ့ဂျင်းထောင်း ၊ ကောက်ညင်းမှုန့် ၊ ကြက်သားမှုန့် ၊ ရေအနည်းငယ်တို့ကိုရောထည့်ပြီး ပျစ်ပျစ်နှစ်နှစ်လေးနဲ့နှံ့အောင် မွှေပေးပါ။ အဝကျယ်တဲ့ဒယ်အိုးထဲမှာ ဆီများများလေးထည့်ထားပြီး မီးဖိုပေါ်တင်ထားပေးပါ။ ဆီပူလာပြီဆိုရင်တော့ နယ်ထားတဲ့ပဲတွေကို လက်တစ်စုပ်စာယူပြီး အပြားလေးတွေလုပ်ကာ ဆီပူပူထဲထည့်ကြော်ပေးပါ။ ပဲကြော်လေးတွေ နှစ်ဖက်လုံးညိုလာပြီဆိုရင်တော့ ဆယ်ယူပြီးဆီစစ်ထားပါ။ ဆီစစ်သွားလောက်ပြီထင်ရင်တော့ မန္တလေးပဲကြော်အိအိလေးကို အားပါးတရစားသုံးလို့ရပါပြီနော်။

တို့စားဖို့အတွက် အချဉ်ရည်ပြုလုပ်မယ်ဆိုရင်တော့ ပန်းကန်လုံးတစ်ခုထဲမှာ သံပုရာသီးနှစ်လုံးကို အစေ့ထုတ်ပြီး အရည်ညှစ်ထည့်ကာ နံနံပင် ၊ ငံပြာရည် ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်းတို့ကိုရောထည့်ပြီး ပြုလုပ်ပေးလို့ရပါတယ်။ ဒါဆိုရင်တော့ အရမ်းကိုလိုက်ဖက်ကောင်းမွန်တဲ့ အကြော်အချဉ်ရည်လေးကို ရရှိပါပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *