အရသာရှယ်ကောင်းတဲ့စားဖွယ်ရာတွေကို အေးအေးချမ်းချမ်းသုံးဆောင်နိုင်မယ့် Family Pink House…

ရန်ကုန်မြို့မွန်းကျပ်မှုတွေကြားမှာ မြို့လယ်ခေါင်က စားသောက်ဆိုင်တွေသွားစားရင်တောင် ကြိတ်ကြိတ်မှာယူနေရတာနဲ့တင် အစားအသောက်ရဲ့အရသာတွေကို ကောင်းကောင်းခံစားချိန်မရနိုင်ပါဘူး။ ဆိုင်ကောင်းကောင်းလေးမှာစားချင်သလို လူများများနဲ့ပြွတ်သိပ်နေတဲ့ဒဏ်တွေကိုလည်းကြောက်နေရတော့ အေးအေးဆေးဆေးလေးနဲ့ အရသာကောင်းကောင်းရနိုင်မယ့်ဆိုင်လေးကို ရှာနေမိတာကြာပြီပေါ့။ အခုတော့ မြို့လယ်ခေါင်ကနေ (၄၅)မိနစ်လောက်သွားပြီး ဇိမ်ကျကျအရသာရှိရှိသွားစားနိုင်မယ့် ဆိုင်ကောင်းလေးကိုတွေ့ထားပြီမို့ အေးအေးဆေးဆေးစားချင်တဲ့ အစာတစ်လိုင်းတို့ကို သတင်းကောင်းလေးပြောပြပေးချင်ပါတယ်။

ဒီဆိုင်လေးကတော့ မြောက်ဒဂုံ (၃၅)ရပ်ကွက် ၊ ဗိုလ်မင်းရောင်လမ်းထဲမှာရှိတဲ့ Family Pink House Restaurant ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။ Pink House ဆိုတဲ့အတိုင်း စားသောက်ဆိုင်လေးက ပန်းရောင်တိုက်လုံးလုံးလေးပြုလုပ်ထားပြီး အပြင်ဘက်မှာလည်းပန်းခြံပုံစံလေးဖန်တီးပေးထားတာက တော်တော်လေးအေးချမ်းလှတယ်။ အပြင်ဘက်ပန်းခြံလေးထဲမှာထိုင်လို့ရသလို တိုက်လေးထဲမှာလည်း အဲကွန်းအေးအေးလေးနဲ့ ငြိမ့်လို့ရပါသေးတယ်။ ဒီဆိုင်လေးမှာလူကြိုက်အများဆုံးကတော့ အသားပြည့်ဝတဲ့ လတ်လတ်ဆတ်ဆတ်ဂဏန်းတွေကို ကြက်ဥအနှစ် ၊ ဟင်းအနှစ်တွေပေါင်းစပ်ပြီး အရသာစိမ့်ဝင်ကောင်းမွန်အောင် ချက်ပြုတ်ထားတဲ့ ယိုးဒယားဂဏန်းချက် ၊ တုမ်ယမ်းကိုစားနေကျအရသာတွေနဲ့ လုံးဝကွဲထွက်ပြီး အုန်းစိမ်းအရသာနဲ့ပေါင်းစပ်ထားတဲ့ အရသာအသစ်ကိုခံစားနိုင်မယ့် အုန်းစိမ်းတုမ်ယမ်းချဉ်စပ် ၊ လတ်လတ်ဆတ်ဆတ်အသီးအရွက်နဲ့ ပင်လယ်စာတွေကို အရသာရှိရှိတဝကြီးသုံးဆောင်နိုင်မယ့် ပင်လယ်စာအကင်စကော ၊ ကြက်ပေါင်ကြော်၊ ကြက်ဥကြော် ၊ ကြက်အူချောင်ကြော်တွေနဲ့ တွဲဖက်ပြီး အရသာရှယ်ကောင်းတဲ့ထမင်းကြော်ကိုစားနိုင်မယ့် အမေရိကန်စတိုင်ထမင်းကြော် ၊ပဲကြာဆံနဲ့ပင်လယ်စာတွေကိုရောစပ်ပြီး နူးနူးအိအိနဲ့ ချိုဆိမ့်စပ်အရသာသုံးမျိုးစလုံးကို တစ်ပြိုင်နက်တည်းခံစားရစေမယ့် စင်ကာပူစတိုင်ပဲကြာဇံမြေအိုး ၊ အရသာစပ်ဟပ်မှုပြည့်စုံပြီး အသားအရွက်တွေလည်းစုံတဲ့အပြင် set အလိုက်စားမယ်ဆိုရင်လည်း စုံစုံလင်လင်ဈေးတန်တန်စားနိုင်မယ့် ဟော့ပေါ့စတဲ့ အစားအစာတွေကို အေးအေးချမ်းချမ်းသုံးဆောင်နိုင်မှာဖြစ်ပါတယ်။

နေရာလေးကအေးချမ်းသလို အစားအသောက်တွေလည်းရှယ်ကောင်းတော့ ဇိမ်ကျကျနဲ့အရသာခံပြီးစားချင်သူတွေအတွက်ကတော့ တကယ့်ကိုအဆင်ပြေစေမယ့် နေရာလေးဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၀)နာရီကနေ ည(၁၀)နာရီကနေ ည(၁၀)နာရီအထိပဲဖြစ်ပါတယ်။ မြောက်ဒဂုံမြိူ့နယ်တွင်းဆိုရင်တော့ Delivery Free နဲ့သုံးဆောင်လို့ရတယ်နော်။

Image Source: www.facebook.com/familypinkhouserestaurant

Leave A Comment

Your email address will not be published. Required fields are marked *