ဆိမ့်ဆိမ့်မွှေးမွှေးလေးနဲ့လျှာပေါ်စွဲနေမယ့် ဆိတ်လက်ဖက်ထောင်းလေးလုပ်စားကြည့်ရအောင်

အစားအစာတွေဗုံးပေါလကောပေါများနေပေမယ့် အစားတစ်လိုင်းတွေအတွက်ကတော့ အသစ်အဆန်းတွေကိုမှ မျှော်လင့်တောင့်တတတ်တာသဘာဝပါနော် ? ပုံမှန်စားနေကျအစားအစာတွေထက်ကို အနည်းငယ်ကွန့်မြူးပြီးတော့ စားလိုက်ရရင်တောင်ကျေနပ်နေတဲ့အမျိုးဆိုတော့ အခုတလောစားသောက်ဆိုင်တွေမှာ တော်တော်လေးဟော့နေတဲ့ “ဆိတ်လက်ဖက်ထောင်း”လုပ်နည်းလေးကို ဝေမျှပေးမယ်နော်။ ပါဝင်ပစ္စည်းနည်းနည်းလေးနဲ့လုပ်နည်းကလည်း တအားလွယ်ကူလို့ ပေါ့ပေါ့ပါးပါးလေးလုပ်စားလို့ရမှာနော်။

ဆိတ်လက်ဖက်ထောင်းပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ဆိတ်သား(၂၀)ကျပ်သား
  • -လက်ဖက်(၂၀)ကျပ်သား
  • -မြေပဲဆီ(၅)ကျပ်သား
  • -ကြက်သွန်ဖြူ(၄)မွှာ
  • -ငရုတ်သီးစိမ်း(၃)တောင့်
  • -ဆား
  • -ကြက်သားမှုန့်
  • -သံပုရာသီး

ပြုလုပ်ပုံကတော့-

၁-ဆိတ်သားကို မွမွလေးဖြစ်အောင် မီးကင်ပေးပါ။ Oven ထဲထည့်ကင်ရင်အဆင်ပြေသလို မီးသွေးမီးဖိုနဲ့ဆိုရင်လည်း ငရုတ်ကျည်ပွေ့လေးနဲ့ ထုထုပြီးကင်ပေးပါ။

၂-လက်ဖက်အညွန့်ကို ဆားအနည်းငယ်ထည့် ရေနွေးစိမ်၊ နယ်ပြီး ရေစစ်သွားအောင်ရေပြန်ညှစ်ချကာ အခါးဓာတ်လျော့သွားအောင်လုပ်ပေးပါ။

၃-ငရုတ်ဆုံထဲမှာ ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းကိုထောင်းထားပြီး ရေစစ်ထားတဲ့လက်ဖက် ၊ ကြက်သားမှုန့်တို့နဲ့ရောထောင်းပေးပါ။

၄-အရသာအပေ့ါအငံလေးမြည်းကြည့်ပြီး ဆိတ်သားကင်ကို အနေတော်အရွယ်လေးတွေမွထားပြီး ငရုတ်ဆုံထဲမှာရောထည့်ထောင်းပါ။

၅-စိတ်တိုင်းကျတဲ့အနေအထားလောက်ရရင်တော့ ပန်းကန်တစ်ခုထဲထည့်ပြီး သံပုရာရည်နဲ့ဆီနဲ့လောင်းထည့်ပြီး သမအောင်မွှေပေးပါ။

ဒါဆိုရင်တော့ ဆိမ့်ဆိမ့်မွှေးမွှေးလေးနဲ့ လျှာပေါ်ဝဲနေတဲ့ဆိတ်လက်ဖက်ထောင်းအရသာလေးကို တမြေ့မြေ့ခံစားလို့ရပါပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *