ငရုတ်ကောင်းမုန့်ဟင်းခါးကြိုက်သူတွေ ရှယ်ခံတွင်းတွေ့သွားစေမယ့်ဆိုင်လေး

မြန်မာနိုင်ငံအနှံ့အပြားမှာ မုန့်ဟင်းခါးဆိုရင် ရန်ကုန်မုန့်ဟင်းခါး ၊ ဘိုကလေးမုန့်ဟင်းခါး ၊ မြောင်းမြမုန့်ဟင်းခါး ဆိုပြီးခေါင်းစဉ်အမျိုးမျိုးတပ်ကြီး ချက်ပြုတ်ရောင်းချနေကြသလို အရသာဖန်တီးမှုနဲ့ မုန့်ဟင်းခါးရဲ့အရောင်အနံ့အရသာ ကွာခြားမှုတွေလည်းရှိကြပါတယ်။ မင်မင်အခုညွှန်းပေးချင်တဲ့ မုန့်ဟင်းခါးလေးကတော့ ငရုတ်သီးအရောင်မစွက်ထားဘဲ  အရောင်ဖြူရော်ရော်လေးချက်ပြုတ်ထားပေမယ့် မေ့မရနိုင်လောက်အောင်  “ဒေါ်မော်ငရုတ်ကောင်းမုန့်ဟင်းခါးဆိုင်”လေးပဲဖြစ်ပါတယ်။ တော်တော်များများအသိမှတ်ပြု ကြိုက်နှစ်သက်ပြီးသားဆိုင်လေး ဖြစ်ပေမယ့် မသိသေးတဲ့မုန့်ဟင်းခါးသရဲတွေကို လက်တို့နိုင်စေဖို့ ပြောပြပေးဦးမယ်နော်။

ငရုတ်ကောင်းမုန့်ဟင်းခါးဆိုလို့ အရသာစူးစူးကြီးလို့မထင်လိုက်နဲ့နော်။ မုန့်ဟင်းခါးရဲ့ မူလသဘာဝအရသာတွေပျောက်မသွားဘဲ ငရုတ်ကောင်းနံ့သင်းသင်းလေးနဲ့မို့ တစ်မျိုးထူးခြားနေတဲ့ အရသာလေးကို စားနိုင်မှာပါ။ အရမ်းမပျစ်အရမ်းမကျဲဘဲ အနေတော်လေးဆိုတော့ စွတ်ဖတ်ဖတ်လေးနဲ့ တော်တော်ကြီးစားကောင်းတယ်။ အဓိကပါဝင်တဲ့ အရသာဓာတ်ဖြစ်တဲ့ ငါးရဲ့ချိုမြလတ်ဆတ်မှုတွေကိုလည်း ခံစားရရှိစေတယ်။ အကြော် ၊ ငါးဖယ် ၊ ပဲသီး ၊ ပူစီနံလေးတွေဖြူးစားလိုက်လို့ကတော့ ရှလွတ်ရှလွတ်နဲ့တစ်ပွဲနဲ့ကို မတင်းတိမ်နိုင်ဖြစ်သွားမယ်။

ဒီမုန့်ဟင်းခါးဆိုင်လေးက နာမည်ရလူကြိုက်များတဲ့ဆိုင်လေးဆိုတော့ စောစောသွားစားမှ ငါးဖယ်အကြော်စုံစုံလေးစားရမှာနော်။ နေ့လည်(၁၂)နာရီကျော်ကျော်လောက်ကနေ ညနေ(၅)နာရီလောက်ထိပဲဆိုတော့ ရုံးပိတ်ရက်သွားစားရင်ပိုအိုကေတယ်။ ဒေါ်မော်ငရုတ်ကောင်းမုန့်ဟင်းခါးဆိုင်လေးကတော့ သစ္စာလမ်း ၊ သံလမ်းမှတ်တိုင် ၊ ဦးဖေသိန်းလျှပ်စစ်ပစ္စည်းဆိုင်ရှေ့မှာပါ။

 

Image Source: www.facebook.com

Leave A Comment

Your email address will not be published. Required fields are marked *