ခံတွင်းလိုက်ပြီး ထမင်းမြိန်သွားစေမယ့် ချဉ်ပေါင်တို့ဟူးထမင်းသုပ် လုပ်စားကြည့်ရအောင်

နေ့တိုင်းထမင်းနဲ့ဟင်းတွေပဲ တွဲဖက်စားနေရတာများလာတော့ ဟင်းတွေကိုရိုးအီနေပြီလား? ဘယ်လောက်ကောင်းတဲ့ဟင်းတွေနဲ့ပဲစားစား အထပ်ထပ်အခါခါစားရရင် ခံတွင်းမတွေ့တော့တာသဘာဝပါပဲနော်။ ဒီတော့မင်မင်ပြောပြပေးမယ့် ချဉ်ပေါင်တို့ဟူးထမင်းနယ်လေးလုပ်စားကြည့်ရအောင်။ မီးဖိုချောင်ထဲမှာ အသင့်ရှိနေပြီးအမယ်တွေနဲ့ ပေါ့ပေါ့ပါးပါး ပြုလုပ်နိုင်မှာဖြစ်လို့ လုံးဝလွယ်ကူသက်သာလေးပါနော်။ ချဉ်ပေါင်ရဲ့ချဉ်ပြုံးပြုံးအရသာလေးနဲ့ တို့ဟူးရဲ့ဆိမ့်တိမ့်တိမ့်အရသာလေးတွေ ပေါင်းစပ်ပြီး ခံတွင်းရှင်းစေတာမို့ အစားတစ်လိုင်းတို့ကြိုက်နှစ်သက်မှာ အသေအချာပါပဲ။

ချဉ်ပေါင်တို့ဟူးထမင်းနယ်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -တို့ဟူး(၁၀)ကျပ်သား
  • -ချဉ်ပေါင်ရွက်တစ်စည်း
  • -မျှင်ငါးပိအနည်းငယ်
  • -ကြက်သွန်ဖြူ/နီ
  • -ပဲမှုန့်ထမင်းစားဇွန်း(၂)ဇွန်း
  • -အချိုမှုန့် လက်ဖက်စားဇွန်း(၁)ဇွန်း

ပြုလုပ်ပုံကတော့-

(၁)-ချဉ်ပေါင်ရွက်ခြွေပြီး တို့ဟူးကိုအနေတော်အရွယ်လေးတွေ တုံးပေးပါ။

(၂)-ကြက်သွန်ဖြူ/နီနဲ့ ငရုတ်သီးဆီမွှေးသတ်ပြီး မျှင်ငပိအနည်းငယ်အရင်ထည့်ပါ။ အနံ့မွှေးလာပြီဆိုရင်တော့ ချဉ်ပေါင်ရွက်ကိုထည့်ပြီး ချဉ်ပေါင်ကြော်သလို ဆီပြန်လေးကြော်ပေးပါ။

(၃)-သုပ်မယ့်ဇလုံထဲမှာထမင်းထည့်ပြီး ချဉ်ပေါင်ချက်လိုသလောက်ထည့် ၊ တို့ဟူးတဝက်ထည့် ၊ အချိုမှုန့် ၊ ပဲမှုန့်တို့ကိုရောထည့်ပြီး နှံ့သွားအောင်နယ်ပေးပါ။ အကုန်နှံ့သွားမှ တို့ဟူးတဝက်ကိုထပ်ထည့်ပြီး ဖွဖွလေးနယ်ပေးပါ။

(၄)-အရသာမြည်းပြီး စိတ်ကြိုက်ရပြီဆိုရင်တော့ ချဉ်ပေါင်တို့ဟူးထမင်းသုပ်လေးကို စားလို့ရပါပြီ။ ကြက်ကြော်နဲ့ တခြားကြိုက်နှစ်သက်ရာအကြော်တွေနဲ့ တွဲဖက်စားမယ်ဆိုရင်လည်း အရမ်းစားလို့ကောင်းပါတယ်နော်။

 

 

Leave A Comment

Your email address will not be published. Required fields are marked *