ရှူးရှူးရှဲရှဲနဲ့ အသဲစွဲသွားစေမယ့် …ကြက်ခြေထောက်ချဉ်စပ်သုပ်ပြုလုပ်နည်း….

“လူမှာအမျိုး ကြက်မှာအရိုး” ဆိုတဲ့ရှေးလူကြီးသူမတို့ရဲ့ စကားပုံလေးအတိုင်း လူမှာဆိုရင်မျိုးရိုးကအဓိကကျသလို ကြက်မှာဆိုရင်လည်း ကြက်အရိုးလေးတွေက အဓိကအဆီအနှစ်တွေဖြစ်ပါတယ်။ ကြက်သားဆိုရင်တော်တော်များများက အသားတွေထက် ကြက်အရိုးကအသားနဲ့အဆီအနှစ်တွေကိုသာ မက်မက်မောမောစားသုံးတတ်ကြပါတယ်။ ကြက်အရိုးမှာပါရှိနေတဲ့အသားတွေက အသားများတဲ့အပိုင်းတွေမှာပါရှိနေတဲ့အသားတွေထက် အရသာပိုမိုကောင်းမွန်တာကြောင့် ကြက်အရိုးကို စွပ်ပြုတ် ၊ အသုပ်စတဲ့ မရိုးနိုင်တဲ့ပုံစံမျိုးစုံနဲ့ လုပ်စားတတ်ကြတာဖြစ်ပါတယ်။ ကြက်အရိုးတွေထဲကမှ ကြက်ခြေထောက်ကိုတော့ လူကြိုက်များသလို အရသာစိမ့်ထွက်မှု ၊ အနှစ်အရသာကောင်းမွန်မှုတွေကြောင့် စွပ်ပြုတ် ၊ အသုပ် ၊ ချဉ်စပ်ဟင်းဆိုပြီး စိတ်ကြိုက်ချက်ပြုတ်စားသောက်တတ်ကြပါတယ်။ Foodies Navi ကနေလည်း ဒီလိုမျိုး ကြက်ခြေထောက်ကို ပုံစံမျိုးစုံလုပ်စားရတာကြိုက်တဲ့ အစားတစ်လိုင်းတို့အတွက် ကြက်ခြေထောက်ချဉ်စပ်သုပ်ပြုလုပ်နည်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

ကြက်ခြေထောက်ချဉ်စပ်သုပ်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ကြက်ခြေထောက် (၁၅)ချောင်း
  • -ဆီ (၅)ကျပ်သား
  • -ကြက်သွန်ဖြူ (၅)မွှာ
  • -တရုတ်မဆလာ လက်ဖက်စားဇွန်း(၁)ဇွန်း
  • -ရှာလကာရည် ထမင်းစားဇွန်း(၃)ဇွန်း
  • -နှမ်း လက်ဖက်စားဇွန်း (၂)ဇွန်း
  • -မြေပဲထောင်း ထမင်းစားဇွန်း(၃)ဇွန်း
  • -ငရုတ်သီးမှုန့် လက်ဖက်စားဇွန်း(၁)ဇွန်း
  • -ခရုဆီ ထမင်းစားဇွန်း(၂)ဇွန်း
  • -ဂေါ်ဖီအနည်းငယ်
  • -သခွားသီးအနည်းငယ်
  • -ကြက်သွန်နီ (၂)လုံး
  • -နံနံပင် အနည်းငယ်
  • -ခရမ်းချဉ်သီး (၂)လုံး
  • -သကြား ထမင်းစားဇွန်း(၂)ဇွန်း
  • -ဆား လက်ဖက်စား’ဇွန်း(၁)ဇွန်း

ပြုလုပ်ပုံကတော့ – ပထမဦးဆုံး ကြက်ခြေထောက်တွေကို ကြွပ်နေအောင်ကြော်ပါ။ ဂေါ်ဖီ ၊ သခွားသီး ၊ ခရမ်းချဉ်သီး ၊ ကြက်သွန်နီတို့ကို ပါးပါးလှီးထားပါ။ ရုတ်သီးမှုန့်ကို ပန်းကန်တစ်ခုထဲမှာထည့်ထားပါ။ ကြက်ခြေထောက်ကြော်ထားတဲ့ဆီတွေကိုအပူပေးပြီး ဆီပူလာပြီဆိုရင်တော့ (၂)ဇွန်းခန့်ခပ်ကာ ငရုတ်သီးပန်းကန်ထဲထည့်မွှေပြီး ငရုတ်သီးဆီချက်ပြုလုပ်ပေးပါ။ ကျန်ခဲ့တဲ့ဆီပူထဲကိုတော့ ကြက်သွန်ဖြူပါးပါးလှီးထည့်ပြီး ဆီသတ်ပေးပါ။ ဆီသတ်နေတဲ့အိုးထဲကို နှမ်းနဲ့တရုတ်မဆလာထည့်မွှေပေးပါ။ ပြီးရင်တော့ ကြော်ထားတဲ့ကြက်ခြေထောက်တွေကို ရေ(၁)လီတာခွဲ ၊ သကြား ၊ ဆား ၊ ခရုဆီတို့ထည့်ပြီး နူးအိလာအောင်ပြုတ်ပေးပါ။ ရေခမ်းပြီးကြက်ခြေထောက်နူးအိလာရင်တော့ ရှာလကာရည်ထည့်မွှေပြီး ဂေါ်ဖီ ၊ သခွားသီး ၊ ခရမ်းချဉ်သီး ၊ ငရုတ်သီးဆီချက် ၊ ကြက်သွန်ဖြူဆီချက် ၊ မြေပဲဆံတို့ကိုရောထည့်ပြီး ချိုချဉ်ငံစပ်စိတ်ကြိုက်ပြုလုပ်ပါ။ ဒါဆိုရင်တော့ အရသာအထူးကောင်းမွန်တဲ့ ကြက်ခြေထောက်ချဉ်စပ်သုပ်လေးကို အဆင့်သင့်စားသုံးလို့ရပါပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *