ထိုင်းစတိုင် ကြက်ခြေထောက်ချဉ်စပ်ဟင်းရည်လေးကို အိမ်မှာတင်ချက်ပြုတ်ကြရအောင်

မကြာခင်မှာပဲ ()ရက်ဆက်တိုက်ပိတ်ရက်တွေ ရောက်လာတော့မှာဆိုတော့ အားလပ်ရက်တွေအတွင်း အိမ်မှာဘာတွေလုပ်စားရင်ကောင်းမလဲဆိုပြီး အကြံအိုက်နေသူတွေအတွက် Foodies Navi ကနေ အကြံဉာဏ်ကောင်းလေးဝေမျှပေးချင်ပါတယ်။ ထိုင်းစားသောက်ဆိုင်တွေရဲ့ နာမည်ကြီးအစားအသောက်တစ်ခုဖြစ်တဲ့ ကြက်ခြေထောက်ချဉ်စပ်ဟင်းရည်ကို အိမ်မှာတင်လွယ်လွယ်ကူကူ ချက်ပြုတ်နိုင်မယ့်နည်းလမ်းလေးကို ပြောပြပေးချင်ပါတယ်။ အိမ်မှာတင်ကိုယ်တိုင်ချက်ပြုတ်တဲ့နည်းဆိုပြီး အထင်တော့မသေးလိုက်နဲ့နော် ။ ယိုးဒယားချဉ်စပ်ဟင်းရည် အရသာလေးအတိုင်း ကွက်တိကျနေလို့ ကိုယ်ကိုယ့်ကိုတောင် မယုံကြည်နိုင်ဖြစ်သွားစေမှာပါ။

 

ကြက်ခြေထောက်ချဉ်စပ်ဟင်းရည် ချက်ပြုတ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့

  1. ကြက်ခြေထောက်(CP ကြက်) ၃၀ကျပ်သား
  2. ရှမ်းနံနံ ၁ စည်း
  3. နံနံပင် ၃ ပင်
  4. ကြက်သွန်ဖြူ ၅ မွှာ
  5. ဂျင်း ၁လက်မခန့်
  6. စပါးလင်၂ချောင်း
  7. ငံပြာရည်
  8. ခရမ်းချဉ်သီး ၂ လုံး
  9. ဆား
  10. ငရုတ်သီးစိမ်း (ကြိုက်သလောက်)
  11. သံပုရာသီး ၁ လုံး
  12. နနွင်းအနည်းငယ်

ပြုလုပ်ပုံလေးကတော့ သန့်စင်ထားတဲ့ ကြက်ခြေထောက်တွေကို အသားမှုန့် ၊ နနွင်းမှုန့် ၊ ငံပြာရည်တို့နဲ့ အသားထဲစိမ့်ဝင်အောင် နယ်ဖတ်ပြီး ရေအနည်းငယ်ထည့်ပြီး ၃လုံးဝင်အိုးလေးထဲမှာ မိနစ် (၃၀)ခန့်ပြုတ်ပါ။ ဒီလိုပြုတ်ထားတဲ့အချိန်အတွင်းမှာတော့ စပါးလင် ၊ ကြက်သွန်ဖြူနဲ့ ဂျင်းကိုပါးပါးလှီးပြီး ရောထောင်းပါ။ ရှမ်းနံနံ ၊ ငရုတ်သီး(ကိုယ်အစပ်စားနိုင်မယ့်ပမာဏ) နဲ့နံနံပင်ကိုတော့ ပါးပါးလေးလှီးထားပေးပါ။ ခရမ်းချဉ်သီးကိုလည်း ၄ စိတ်စိတ်ထားပါ။ မိနစ်(၃၀)ကြာတဲ့အချိန်မှာတော့ ခုနကပြုလုပ်ထားတာတွေအကုန်လုံးကို ရောထည့်လိုက်ပါ။ အိုးထဲကခရမ်းချဉ်သီးတွေအကုန်လုံး ပျော်ကျသွားတဲ့အချိန်မှာတော့ သံပုရာသီးညှစ်ထည့်ပြီး အပေါ့အငံမြည်းကြည့်လို့ရပါပြီနော်။ ကဲဒီတော့ ထိုင်းစတိုင်ကြက်ခြေထောက် ချဉ်စပ်ဟင်းရည်လေးကို အလွယ်တကူခက်ပြုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။ နောက်ထပ်လည်း လွယ်ကူစွာချက်ပြုတ်လို့ရတဲ့ နည်းလမ်းကောင်းလေးတွေကို ရေးသားဖော်ပြပေးဦးမှာဖြစ်လို့ ဒီ Page လေးကို Like လုပ်ထားဖို့မမေ့ပါနဲ့နော်။

Leave A Comment

Your email address will not be published. Required fields are marked *