ခေါင်းကစလို့ အဆီဗူးအထိကိုစားလို့ကောင်းလွန်းတဲ့ ကြက်သားဒုတ်ထိုးလုပ်နည်း

ဝက်သားဘက်ချည်း ခြေဦးလှည့်ဖြစ်တာများနေလို့ ဒီတစ်ခါမှာတော့ ကြက်သားဘက်ကိုပြန်လှည့်ဦးမယ်ကွယ်။ ဝက်သားဒုတ်ထိုးကိုလူကြိုက်များလှသလို ကြက်သားဒုတ်ထိုးကလည်း လျှော့တွက်လို့မရနိုင်အောင် လူကြိုက်များတဲ့အစားအစာလေးပါနော်။ ကြက်အူ ၊ အဆီဗူး ၊ အသည်း ၊ အမြစ် ၊ လည်ချောင်း ၊ ခြေထောက်တွေပါမကျန်စားကောင်းလွန်းလှတာမို့ ကြက်သားဒုတ်ထိုးကို အကြိုက်တွေ့ကြတာက သိပ်တော့မဆန်းကြယ်လှပါဘူးနော်။ မင်မင်သွားစားဖူးသလောက်တော့ ကြက်သားဒုတ်ထိုးဆိုရင် တစ်ချောင်းတစ်ချောင်းကို သေးသေးလေးတွေကများတယ်ရယ်။ (၃)ချောင်းလောက်ပူးစားမှ တစ်ခါဝါးနိုင်ဖို့ တင်းတိမ်သွားသလိုပဲ။ ဒီတော့ ဒုတ်ထိုးအကြီးကြီးတွေစိတ်ကြိုက်စားနိုင်စေဖို့ အိမ်မှာတင်လွယ်လွယ်ကူကူလုပ်စားနိုင်မယ့် နည်းလမ်းကောင်းလေးကို အလင်းပြပေးလိုက်မယ်နော်။

ကြက်သားဒုတ်ထိုးပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

-ကြက်သား(ကြိုက်နှစ်သက်တဲ့အစိတ်အပိုင်း)

  • -ချင်း (လက်မတစ်ဝက်ခန့်)
  • -ကြက်သွန်ဖြူ(၅မွှာခန့်)
  • -ကြက်သားမှုန့်(အနည်းငယ်)
  • -ငံပြာရည်(အနည်းငယ်)
  • -ခရုဆီ(အနည်းငယ်)
  • -ဂွေးထောက်ရွက်
  • -ငရုတ်ကောင်း
  • -နနွင်းမှုန့်

ပြုလုပ်ပုံကတော့-

၁-ကြက်သားရဲ့ကြိုက်နှစ်သက်ရာ အစိတ်အပိုင်းတွေကို ဆားနဲ့ပွတ်ပြီး ပြောင်နေအောင်ဆေးကြောပေးပါ။

၂-အတုံးလိုက်တွေခုတ်ထစ်ပြီး ဆား ၊ နနွင်း ၊ ကြက်သားမှုန့် ၊ ခရုဆီတွေနဲ့ရောနယ်ပြီး အရသာဝင်အောင် (၁)နာရီလောက်နှပ်ထားပေးပါ။

၃-ကြက်သားနှပ်ထားတဲ့ အတောအတွင်းမှာ ချင်း ၊ ကြက်သွန်ဖြူတွေခွာပြီး ညက်နေအောင်ထောင်းထားပေးပါ။

၄-(၁)နာရီပြည့်သွားရင်တော့ ကြက်သားကိုရေဖုံးအောင်ထည့်ပြီး ငံပြာရည်ထည့်ကာ ရေတစ်ခါခမ်းပြီး နောက်တစ်ရေဆူပွက်တဲ့အထိ တည်ထားပေးပါ။

၅-ကြက်သားအိုးရေနှစ်ခါမြောက် ဆူပွက်လာပြီဆိုရင်တော့ ကြက်သွန်ဖြူချင်းထောင်းကိုရောထည့်ပြီး မွှေပေးပါ။

၆- (၁၀)မိနစ်လောက်အကြာမှာ အရသာအချိုအငံအပေါ့မြည်းစမ်းလို့  မျှတသွားပြီဆိုရင်တော့ ကြက်သားတုံးလေးတွေကိုဆယ်ပြီး လိုအပ်သလောက်အရွယ်လေးတွေ လှီးလို့ရပါပြီ။

၇-ဟင်းရည်ကိုတော့ ငရုတ်ကောင်းဖြူး ၊ ဂွေးထောက်ရွက်လေးထည့်ပြီးသောက်ရင် အရသာထိထိမိမိလေးပိုခံစားလို့ရပါတယ်နော်။

၈-အချဉ်အတွက်ကိုတော့ “စိန်”တံဆိပ်အသင့်ဖျော်အချဉ်ထုပ်လေးကို တဝက်လောက်ဖောက်ထည့်ပြီး သံပုရာသီး(၂)လုံးညှစ်ထည့်ပါ။ ဆားအနည်းငယ် ၊ ကြက်သွန်ဖြူထောင်း ၊ ငရုတ်သီးစိမ်း ၊ ငံပြာရည်အနည်းငယ်ထည့်ပြီး ဖော်စပ်လို့ရပါတယ်နော်။

ဒါဆိုရင်တော့ အရသာရှယ်ထွက်နေမယ့် ကြက်သားဒုတ်ထိုးလေးကို ဟင်းရည်လေးတရွှတ်ရွှတ်သောက်ရင်း အားပါးတရသုံးဆောင်လို့ရပါပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *