ငပိနံ့သင်းသင်းလေးနဲ့ ချဉ်ငံစပ်အရသာတွေကြောင့် ရှယ်တွေထမင်းမြိန်စေမယ့် ကြက်သားငပိချက်

ကြက်သားကိုပုံစံအမျိုးမျိုးချက်စားရတာ ရိုးအီလာပြီဆိုရင်တော့ အသွင်တစ်မျိုးပြောင်းပြီး ချဉ်ငံစပ်အရသာ ကြက်သားငါးပိချက်လေးချက်စားကြည့်ရအောင်။ ကြက်သားငပိချက်ကတော့ စားနေကျ ကြက်သားအရသာနဲ့လုံးဝကွဲထွက်သွားပြီး မြန်မာ့ဓလေ့မြန်မာ့မူတွေ ပျောက်ပျက်မသွားဘဲ ငပိအနံ့သင်းသင်းလေးနဲ့ ချဉ်ငံစပ်အရသာတွေ ပေါ်လွင်စွာခံစားရမှာဖြစ်ပါတယ်။ ဟင်းအနှစ်တွေမှာတင် အရသာထိမိနေတာမျိုးမဟုတ်ဘဲ ကြက်သားမျှင်ကိုကိုက်ဝါးလိုက်ရင်တောင် ချဉ်ငံစပ်အရသာထွက်ပေါ်နေမှာဖြစ်ပါတယ်။ မြန်မာပါးစပ်နဲ့လိုက်ဖက်ညီတာမို့ ထမင်းမြိန်စေမယ့် ဟင်းကောင်းတစ်ခွက်ပါနော်။

ကြက်သားငပိချက်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ကြက်သား(၂၀)သား
  • -မျှင်ငပိ(၂)ကျပ်ခွဲသား
  • -ကြက်သွန်ဖြူ(၄)မွှာ
  • -ကြက်သွန်နီ(၂)လုံး
  • -ဂျင်း လက်(၂)ဆစ်ခန့်
  • -ငရုတ်သီးစိမ်း(၅)တောင့်

ပြုလုပ်ပုံကတော့-

(၁)-ကြက်သားကို စိတ်ကြိုက်အတုံးလေးတွေတုံးပြီး ကြက်သားမှုန့် ၊ နံ့နွင်းမှုန့်အနည်းငယ်နဲ့ နယ်ထားပါ။

(၂)-ကြက်သွန်ဖြူ/နီ ၊ ဂျင်းတွေကိုရောထောင်းပြီး ဆီသတ်ပါ။

( ၃)-ဆီသတ်တဲ့အထဲကို ငပိထည့်ပြီး ငရုတ်သီးစိမ်းတွေကိုလည်း ပါးပါးလှီးထည့်ပါ။

(၄)-ငပိနံ့ထွက်လာပြီဆိုရင်တော့ အရသာနယ်ထားတဲ့ ကြက်သားတွေကိုထည့်ပြီး လုံးချက်ပေးပါ။

(၅)-အဖုံးဖွင့်ပြီး (၁၀)မိနစ်လောက်ချက်ပြီးရင်တော့ အဖုံးအုပ်ပြီး ဆီပြန်တဲ့အထိချက်ပေးပါ။ ဒါဆိုရင်တော့ ချဉ်ငံစပ်အရသာ ကြက်သားငပိချက်လေးကို ရရှိပါပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *