ထိုင်းစတိုင်ပင်လယ်စာတွေကို အတန်ဆုံးဈေးနှုန်းနဲ့ စားနိုင်မယ့်ဆိုင်လေး

ပင်လယ်စာတွေကို ထိုင်းစတိုင်စားချင်ပေမယ့် ဈေးကြီးမှာလည်း စိုးရိမ်နေတတ်တဲ့ အစားတစ်လိုင်းတွေအတွက် (၁၅၀၀)ကျပ်ရှိရုံနဲ့ ထိုင်းစတိုင်ပင်လယ်စာတစ်ပွဲ သုံးဆောင်နိုင်မယ့်ဆိုင်လေးအကြောင်း ဖောက်သည်ချပေးချင်ပါတယ်။ အခုတလော အစားတစ်လိုင်းတို့နှုတ်ဖျားထဲ ရေပန်းစားနေတဲ့ဆိုင်လေးဖြစ်သလို စားလို့လည်းတကယ်ကောင်းတဲ့ဆိုင်လေးနာမည်ကတော့ ” 2 Bro ” Thai Food ပါ။ ဆိုင်ကြီးကန္နားကြီးတော့မဟုတ်ပေမယ့် သန့်သန့်ရှင်းရှင်း ဈေးသက်သက်သာသာနဲ့ ကောင်းကောင်းလေးစားရမယ့်ဆိုင်လေးမို့ အစားတစ်လိုင်းအသဲကို ထပ်မံထိုးဖောက်နိုင်ဦးမယ့်ဆိုင်လေးပါ။

2 Bro မှာဆိုရင် (၁၀၀၀)ကျပ်တန်ကစမယ့် အမယ်တွေကတော့ သင်္ဘောသီးထောင်း ၊ ပြောင်းဖူးထောင်း နဲ့ကြက်ခြေထောက်ထောင်းတွေ ။ ဒီအထောင်းတွေကိုမှ ခရု ၊ ဂဏန်း ၊ ပုဇွန် ၊ ပြည်ကြီးငါး ကြိုက်နှစ်သက်ရာထည့်ထောင်းမယ်ဆိုရင်တော့ (၁၅၀၀)ကျပ်ကျမှာဖြစ်ပါတယ်။ ပင်လယ်စာတွေချည်းသီးသန့်အထောင်း စားမယ်ဆိုရင်လည်း (၁၅၀၀)ကျပ်ပဲပေးရမှာဆိုတော့ စွန်းတန်နေရောပဲ။ ပင်လယ်စာတွေထဲကမှ ကင်းမွန်ထောင်း ၊ ရေဘဝဲထောင်းနဲ့ ပုဇွန်ထုပ်ထောင်းတွေဆိုရင်တော့ (၂၀၀၀)ကျပ်ပေးရတယ်။ ဒါပေမယ့်လည်း စွန်းတန်နေတုန်းပဲရယ်။ ဆိုင်ကြီးတွေမှာဆိုရင် (၃၅၀၀)ကျပ်လောက်ပြေးမလွတ်တဲ့ အစားအစာတွေကို ဒီလိုဈေးတန်တန်နဲ့ ကောင်းကောင်းလေးစားရတော့ တကယ့်ကောင်းတန်တဲ့ဆိုင်လေးလို့ပြောရမယ်။

ပင်လယ်စာတွေအကုန်လုံးကလည်း လတ်လတ်ဆတ်ဆတ်ကြီးတွေရယ်။ မြင်တာနဲ့ကိုသွားရည်ယိုချင်စရာကောင်းတယ်။ အသားပြည့်ပြည့်ဝဝနဲ့ တင်းတင်းရင်းရင်းကြီးတွေဆိုတော့ ပင်လယ်စာရဲ့ချိုမြတဲ့အသားအရသာတွေကို ထိထိမိမိလေးခံစားရတယ်။ ထောင်းထားတာလည်းအစပ်အဟပ်တည့်တော့ ပင်လယ်စာရဲ့အရသာတွေကို ပိုပြီးထူးခြားသွားစေတော့ မင်မင်ကတော့ ကြိုက်မှကြိုက်ပဲ။ သွားစားကြည့်ဖို့စိတ်ဝင်စားတဲ့ အစားတစ်လိုင်းတွေအတွက် Bro 2 ရဲ့လိပ်စာကတော့- ကမာရွတ်မြို့နယ် ၊ စံရိပ်ငြိမ်ကားမှတ်တိုင်နဲ့ ဂမုန်းပွင့်ကုန်တိုက်ကြားက အင်းလျားရွာသစ်ကျောင်းရဲ့ မျက်နှာချင်းဆိုင်ဘက်အြခမ်းမှာဖြစ်ပါတယ်။

 

Image Source : www.facebook.com

 

Leave A Comment

Your email address will not be published. Required fields are marked *