အနံ့မွှေးမွှေးလေးနဲ့ ထိမိတဲ့အရသာတွေခံစားရမယ့် ဝက်သားကင်ဆလပ်လုပ်နည်း

ဝက်သားကိုအမျိုးမျိုးလုပ်စားဖို့ရာ အမြဲတွေးတောကြံဆနေတတ်တဲ့ အစားတစ်လိုင်းတွေအတွက် ဒီတစ်ခါမှာတော့ ဝက်သားကင်ဆလပ်ရွက်လုပ်နည်းလေးကို ဝေမျှပေးဦးမယ်နော်။ ဝက်သားကင်တစ်ဖတ်လောက်မြည်းကြည့်ရုံနဲ့တင် အရသာဓာတ်တွေပွင့်အန်ထွက်လာစေမယ့် ဝက်သားကင်နည်းလေးပါ။ ဝက်သားရဲ့ချိုမြလတ်ဆတ်တဲ့အရသာကို  အသားထဲစိမ့်ဝင်အောင်နှပ်ထားတဲ့ ပါဝင်ပစ္စည်းတွေရဲ့  ပံ့ပိုးမှုတွေနဲ့ ထပ်တိုးပေါင်းစပ်လိုက်တော့ ဝါးစားလိုက်တိုင်း အသားရဲ့အနှစ်အရသာတွေကို ထိထိမိမိကြီးခံစားရမှာဖြစ်ပါတယ်။ ဒီလောက်ကြီးထူးကဲနေတဲ့ ဝက်သားကိုမှ လတ်လတ်ဆတ်ဆတ် ဆလပ်ရွက်လေးနဲ့ခြုံ ၊ ကင်ချီလေးပေါင်းလိုက်မယ်ဆိုရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ တွေးတောရင်း ဝက်သားကင်ဆလပ်ရွက်လေးလုပ်စားကြည့်ရအောင်။

ဝက်သားကင်ဆလပ်ရွက်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • -ဝက်သုံးထပ်သား (၅၀)ကျပ်သား
  • -ပျားရည် ထမင်းစားဇွန်း(၃)ဇွန်း
  • -ဗနီကာ ထမင်းစားဇွန်း(၂)ဇွန်း
  • -ပုဇွန်ထမ်းငံပြာရည် ထမင်းစားဇွန်း(၂)ဇွန်း
  • -ခရုဆီ ထမင်းစားဇွန်း(၂)ဇွန်း
  • -ငရုတ်သီးအစိမ်းမှုန့် ထမင်းစားဇွန်း(၂)ဇွန်း
  • -မဆလာ ထမင်းစားဇွန်း(၁)ဇွန်း
  • -ငရုတ်ကောင်းမှုန့် ထမင်းစားဇွန်း(၁)ဇွန်း
  • -ဆား ထမင်းစားဇွန်း(၁)ဇွန်း
  • -ကြက်သားမှုန့်အနည်းငယ်
  • -သကြားထမင်းစားဇွန်း(၂)ဇွန်း
  • -ချင်း လက်နှစ်ဆစ်ခန့်
  • -ကြက်သွန်နီ(၃)လုံး
  • -ကြက်သွန်ဖြူ(၅)မွှာ

ပြုလုပ်ပုံကတော့-

(၁)-ဝက်သုံးထပ်သားကို  သန့်စင်အောင်ဆေးပြီး ခပ်ပါးပါးလှီးပါ။ ကြက်သွန်ဖြူ/နီ ၊ ချင်းတို့ကိုညက်သွားအောင် ရောထောင်းပါ။

(၂)-လှီးပြီးသားဝက်သားတွေကို ဇလုံကြီးကြီးတစ်ခုထဲမှာထည့်ပြီး ကြက်သွန်ဖြူနီ၊ ချင်းထောင်း ၊ ပျားရည် ၊ ငံပြာရည် ၊ ဗနီကာ ၊ ငရုတ်ကောင်း ၊ မဆလာ ၊ ဆား ၊ ကြက်သားမှုန့် ၊ ငရုတ်သီးအစိမ်းမှုန့် ၊ ခရုဆီ ၊ သကြားတို့ကို အသားထဲစိမ့်ဝင်အောင် ရောနယ်ပေးပါ။

(၃)-လျှစ်စစ်ကင်စက်ပေါ် (သို့) မီးသွေးမီးဖိုပေါ် သံပြားခံပြီး ဝက်သားထဲကအဆီတွေစိမ့်ထွက်လာတဲ့အထိကင်ပေးပါ။

(၄)-ဝက်သားကင်ရပြီဆိုရင်တော့ ဆလပ်ရွက်ကိုသန့်စင်အောင်ဆေးထားပါ။ မုန်ညှင်းကင်ချီကိုလည်း အသင့်ပြင်ထားပေးပါ။

(၅)-သုံးဆောင်တော့မယ်ဆိုရင်တော့ ဆလပ်ရွက်လေးကို လက်ဖဝါးပေါ်ဖြန့်ခင်း ၊ ဝက်သားကင်ထည့် ၊ ကင်ချီထည့်ပြီး ဆလပ်ရွက်လေးနဲ့ပြန်ငုံကာ ခံတွင်းထဲအပြည့်အသိပ်ထည့်ကာ အားပါးတရစားလို့ရပြီနော်။

Leave A Comment

Your email address will not be published. Required fields are marked *