ဖက်ထမင်းရှယ်ကောင်းသလို ဓာတ်ဖမ်းလို့လည်းကောင်းတဲ့ “Bamboo”

မင်မင်မိတ်ဆက်ပေးမယ့်ဆိုင်လေးကတော့ အစားသီးသန့်ကြီးမဟုတ်ဘဲ အပြင်အဆင်တွေပါဖိုင်းတဲ့ အထူးဧည့်သည်တွေကိုခေါ်သွားလို့ကောင်းမယ့် ဆိုင်လေးအကြောင်းပြောပြပေးမယ်နော်။ ဒီဆိုင်လေးကတော့ အညာမူအညာဟန်တွေနဲ့ ရန်ကုန်မှာရှားရှားပါးပါးတွေ့ရတဲ့ ဖက်ထမင်းဆိုင်လေးဖြစ်ပါတယ်။ ဆိုင်နာမည်လေးကတော့ ” Bamboo Home Food Center” ပါ။ အညာဒေသတွေမှာအများဆုံးတွေ့ရတတ်တဲ့ ထန်းခေါက်လေးတွေ ၊ ဝါးလေးတွေ ၊ သစ်ပင်အနွယ်လေးတွေနဲ့ ခေတ်မီပုံစံဖြစ်အောင် အလှဆင်ပေးထားပြီး စားသောက်ဖွယ်ရာအသုံးအဆောင်တွေကအစ မြန်မာမှုတွေလွှမ်းခြုံထားတဲ့ဆိုင်လေးပါ။

Service အနေနဲ့ ယွန်းလက်ဖက်အုပ်လေးနဲ့ သစ်သီးလေးတွေလာချပေးတာနဲ့တင်လွှတ်ကြွေမိရော။ ဖက်ထမင်းကတော့ အသားတွေစုံစိနေအောင်ရွေးလို့ရတယ်။ ကြက်၊ ဝက် ၊ ငါး ၊ ဆိတ် ၊ ပုဇွန်တွေကစလို့ ကြက်အချင်းတိုင် ၊ ပုဇွန်ကင်ပွန်း ၊ ဆိတ်ကလီစာတွေအထိစုံနေရောပဲ။ အင်ဖက်ထဲမှာတော့ ချဉ်ပေါင်ကြော် ၊ ပန်းဂေါ်ဖီ ၊ ငပိကြော် ၊ ငရုတ်သီးစိမ်းတွေစုံနေအောင်ထည့်ပေးထားတာ ။ ထူးကဲကောင်းမွန်တဲ့ ဟင်းအရသာကို ဖတ်နဲ့သင်းသင်းလေးထမင်းလေးနဲ့ရောစားလိုက်တော့ မြိန်ရည်ယှက်ရည်နဲ့ ထမင်းမြိန်ချက်ပဲ။ တစ်ပွဲကို(၄၅၀၀)ကျပ်ပေးရပေမယ့် တစ်ပွဲစားရုံနဲ့တင် ပြည့်စုံလွန်းလို့တန်တယ်ပြောရမယ်။ တစ်ပွဲစားပြီးရင်ကို ဗိုက်အင့်သွားမှာအသေအချာပဲ။ မြန်မာမုန့်တွေလည်းစုံနေအောင် ရနိုင်သေးတယ်။ အသီးဖျော်ရည်လေးတွေလည်းကောင်းတယ်။

တစ်ဆိုင်လုံးသန့်ရှင်းသပ်ရပ်နေပြီး Air-con ခန်းမှာသီးသန့်စားချင်ရင်လည်း (၁)နာရီ(၁၅၀၀)ကျပ်ပေးပြီး အေးအေးဆေးဆေးစားလို့ရတယ်။ ဝန်ဆောင်မှုလည်းတော်တော်ကောင်းတယ်။ ဆိုင်သာမကဘဲ အိမ်သာကိုပါရှယ်ရွှိုင်းထားတော့ တော်တော်လေးကိုစိတ်တိုင်းကျနိုင်မယ့်ဆိုင်လေးပါ။ အစားအသောက်ကိုအရသာရှိရှိစားနိုင်သလို ဓာတ်ဖမ်းလို့လည်းရှယ်ကောင်းမယ့်ဆိုင်လေးပါ။ ဒီဆိုင်လေးကတော့ မြောက်ဒဂုံမြို့နယ် ၊ ဦးဝိစာရလမ်းပေါ် ၊ ဘိုဘိုမင်းလ္ဘက်ရည်ဆိုင်အကျော်မှာပါ။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၆)နာရီကနေ ည(၁၀)နာရီအထိပဲဖြစ်ပါတယ်။

 

Image Source: www.facebook.com/bamboohomefoodcenter

Leave A Comment

Your email address will not be published. Required fields are marked *